စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့

စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့

ဒီရက်ပိုင်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ အတော်တက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကThe future of News ဆိုပြီး ဒစ်ဂျစ်တယ်ခေတ်မှာ ဂုဏ်သတင်းကြီးတဲ့ သတင်းဌာနတွေ ဆက်လက်ရှင်သန်နိုင်မလား၊ ဆက်လက်ရှင်သန်နိုင်အောင် ဘာတွေလုပ်ဖို့လိုသလဲ စသဖြင့် ဆွေး‌နွေးကြတဲ့ပွဲကို တက်ဖြစ်သလို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ကမ္ဘာထိတ်တန်း နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ Chatham House ချက်တမ်ဟောက်စ် မှာ လုပ်တဲ့ sanction ဆန်ရှင်ကို လက်နက်သဖွယ်အသုံးပြုပြီး မီဒီယာသမားတွေကိုအကာအကွယ်ပေးနိုင်တဲ့အကြောင်း “ The use of Targeted Sanctions to Protect Journalists” အစီရင်ခံစာ မိတ်ဆက်ပွဲကိုတက်ဖြစ်ပါတယ်။ “International Bar Association’s Human Rights Institute” နဲ့ Chatham House တို့ပူးပေါင်းစီစဉ်တဲ့ ဒီပွဲရဲ့ ပဲနယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ဥပဒေပညာရှင်တွေ နဲ့ ထိတ်တန်း လူ့အခွင့်အရေး‌ရှေ့နေတွေ ပါဝင်ဆွေး‌နွေးကြပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများမှာ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ်မှု၊ တရားမျက်ကွယ်ဖမ်းဆီးထောင်ချမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ မီဒီယာကို နည်းမျိုးစုံနဲ့ထိန်းချုပ်မှုတွေ အရင်ကထက်ပိုများလာနေတာကြောင့် သတင်းထောက်တွေကို ကာကွယ်ဖို့ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ် ဆိုပြီး ၂၀၁၉ ခုနှစ်မှာ ယူကေ နဲ့ ကနေဒါ နှစ်နိုင်ငံပူးပေါင်းပြီး လန်ဒန်မှာ ကမ္ဘာ့မီဒီယာညီလာခံကြီး ကျင်းပပါတယ်။ သတင်းထောက်တွေကိုအကာအကွယ်ပေးနိုင်တဲ့နည်းလမ်းတွေရှာဖွေဖို့ ကနဦးခြေလှမ်းအနေနဲ့ ထိတ်တန်း ဥပဒေပညာရှင်တွေပါတဲ့အဖွဲ့တစ်ခုကိုဖွဲ့ဖို့သဘောတူလိုက်ပါတယ်။

ဒီအဖွဲ့ကို ‘’သီးခြားလွတ်လပ်သော သတင်းလွတ်လပ်မှုဆိုင်ရာ အဆင့်မြင့် ဥပဒေပညာရှင်များအဖွဲ့ ‘’ ‘’Independent High Level Panel of Legal Experts on Media Freedom” လို့ အမည်ပေးလိုက်ပါတယ်။ အခုတစ်နှစ်နီးပါအကြာမှာတော့ အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေကြီး အာမားကလိုနီ Amal Clooney ( ဟောလီဝုဒ် မင်းသား ဂျော့ချ်ကလိုနီရဲ့ဇနီး၊ ရိုက်တာသတင်းထောက် ဝလုံး နဲ့ ကျော်စိုးဦးတို့ရဲ့ရှေ့နေ) က သူတို့အဖွဲ့ကရှာဖွေတွေ့ရှိတဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်တဲ့အချက်အလက်တွေကို ချပြပါတယ်။

သတင်းသမားတွေဟာပြည်သူလူထုရဲ့အကျိုးအတွက် ဥပဒေကို အလွဲသုံးစားလုပ်နေတဲ့ သူတွေ တာဝန်ခံဖို့ အဖြစ်မှန် သတင်းမှန်တွေကို ကြိုးစားဖော်ထုတ်ပေးနေသူတွေသာဖြစ်တယ်၊ သတင်းသမားတွေ သူတို့အလုပ် သူတို့လုပ်နေတာကို အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်အန္တရာယ်ပြုနေရင် ဒီလိုခြိမ်းခြောက်အန္တရာယ်ပြုနေသူတွေကို ဖော်ထုတ်ပြီး သူတို့ကိုပိတ်ဆို့ ဒဏ်ခတ်တဲ့နည်းနဲ့ အရေးယူဖို့လိုတယ်လို့အာမားကလိုနီက ရှင်းပြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ အကြမ်းဖက်ဝါဒကျူးလွန်သူတွေ၊ အဂတိလိုက်စားသူတွေ ကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု Targeted Sanctions နဲ့အရေးယူသလိုမျိုးပဲ သတင်းထောက်တွေကို မတရားဖမ်းဆီး ထောင်ချနေသူတွေ ကို လည်း အလားတူ ပိတ်ဆို့ဒဏ်ခတ်ဖို့ အကြံပြုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်သူတွေကို ဗီဇာမပေးပဲ ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားပြီး သူတို့မှာရှိတဲ့ငွေတွေမသုံးနိုင်အောင် တားဆီးပိတ်ဆို့ထားရင် သူတို့ကိုထောင်ထဲသွင်းထားတာထက် ပိုထိရောက်နိုင်ကြောင်း၊ အဲဒါကြောင့် ဒီမိုကရေစီပြည့်ဝတဲ့နိုင်ငံတွေမှာ လူ့အခွင့်အရေးကိုအခြေခံတဲ့ ဆန်ရှင် ပိတ်ဆို့ဒဏ်ခတ်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး နိုင်ငံအချင်းချင်းအကြား သတင်းအချက်အလက်တွေ နဲ့ ပစ်မှတ်ထားသင့်တဲ့သူတွေရဲ့ စာရင်းကို အတူတကွ ပြုစုထားမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ အဂတိလိုက်စားမှုတွေ အတော်လျော့နည်းသွားမယ်လို့ ဆိုပါတယ်။

Magnitsky Act မက်နစ်စကီး ဥပဒေလို့ ခေါ်တဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ပိတ်ဆို့အရေးယူနိုင်တဲ့ ဥပဒေကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ယူကေ သုံးနိုင်ငံကပဲ အတည်ပြုပြဋ္ဌာန်းထားပါတယ်။ တခြားနိုင်ငံတွေကပါ ဒီဥပဒေကိုပြဋ္ဌာန်းဖို့ ဥပဒေပညာရှင်များအဖွဲ့ကတိုက်တွန်းနေပါတယ်။

(ဒီနေရာမှာ Magnitsky Act ဖြစ်လာပုံကို နည်းနည်းရှင်းပြချင်ပါတယ်။
ရုရှားမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီတစ်ခုဟာ အမြတ်ခွန်ရှောင်မှုနဲ့အရေးယူခံရပါတယ်။ ကုမ္ပဏီကဒီအမှုကိုလိုက်ပေးဖို့ ရှေ့နေငှါးတော့ ရှေ့နေရုံးကသူတို့ရုံးက စာရင်းစစ် ဆာဂေးမက်နစ်စကီးကို စုံစမ်းပေးဖို့တာဝန်ပေးလိုက်ပါတယ်။ ဆာဂေးမက်နစ်စကီးက အမှုဇစ်မြစ်ကိုလိုက်တဲ့အခါမှာ အမှုက ရုရှားရဲတွေက ဆင်ထားတဲ့အမှုဖြစ်နေပါတယ်။ ရဲတွေက အခွန်လိမ်လည်မှု ငွေမဲခဝါချမှု အကျင့်ပျက်ချစားမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတဲ့အပြင်ရုရှား မာဖီယားရာဇဝတ်ဂိုဏ်းသားတွေနဲ့ အချိတ်အဆက်တွေရှိနေတာကို စုံစမ်းတွေ့ရှိပါတယ်။ ရုရှားရဲအဖွဲ့၊ အခွန်ရုံး၊ ဘဏ်အရာရှိတွေ၊ တရားရေးကလူတွေ အပါအဝင် ရုရှား မာဖီယားပါမကျန် အခွန်လိမ်လည်မှုကြီးမှာ ပါဝင်ပတ်သက်နေတယ်လို့ မက်နစ်စကီးကအစစ်ခံပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက မက်နစ်စကီးအစစ်ခံသလို ရဲနဲ့ လိမ်လည်မှုမှာပါနေတဲ့သူတွေကို အရေးမယူပဲ မက်နစ်စကီးကို ရာဇဝတ်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ရုရှား ဥပဒေအရ သံသယတရားခံကို ရဲက စွဲချက်မတင်ပဲ တစ်နှစ် ချုပ်ထားခွင့်ရှိပါတယ်။ တစ်နှစ်ပြည့်ရင် ပြန်လွှတ်ပေးပြီး စွဲချက်တင်ရမှာ ဖြစ်ပေမယ့်ဆာဂေးမက်နစ်စကီး ဟာ အချုပ်ထဲမှာ တစ်နှစ်ပြည့်ဖို့ ၇ရက်အလိုမှာ ၂၀၀၉ခုနှစ်မှာ သေဆုံးသွားပါတယ်။ မသေခင် သူရဲ့ခန္ဓာကိုယ်ပေါ်မှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အချုပ်ထဲမှာ သေဆုံးတဲ့သတင်းနဲ့အတူ ရုရှားရဲအဖွဲ့ရဲ့ အရှုတ်တော်ပုံသတင်းက ဟိုးလေးတကျော်ဖြစ်သွားပါတယ်။

မက်နစ်စကီးသေဆုံးမှုက မရိုးသားဘူးလို့ အများကယူဆပြီး အမှုနဲ့ပတ်သက်နေတယ်လို့ယူဆရတဲ့ ရုရှားအရာရှိ ၆၀ ကို ဥရောပသမဂ္ဂ ထဲဝင်ခွင့်မပေးပဲ ပိတ်ပင်တားမြစ်ဖို့ ဥရောပပါလီမန်က တောင်းဆိုလိုက် ပါတယ်။ ကနေဒါကလည်း ရုရှား အရာရှိတွေ ကို ဗီဇာပိတ်ရုံတင်မကပဲ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့လိုက်ပါတယ်။

အမေရိကန်ကလည်း အဆိုပါရုရှားအရာရှိတွေကို ဗီဇာပိတ်လိုက်ပြီး သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေရဲ့ အမည်နဲ့တကွ လူသိရှင်ကြားဖော်ထုတ်ဖို့ Justice for Segei Magnitsky Act ကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကမက်နစ်စကီးသေဆုံးမှုမှာ တာဝန်ရှိသူ ရုရှားတွေကိုသာအပြစ်ပေးဖို့ ရည်ရွယ်ပြဋ္ဌာန်းထားတာပါ။

၂၀၁၄ ခုနှစ် သမ္မတ အိုဘာမားလက်ထက်မှာ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ထောက်ခံမှုနဲ့ Magnitsky Act ဆိုပြီး ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ အမေရိကန်အစိုးရမှာ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ဗီဇာ နဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့အရေးယူနိုင်တဲ့အာဏာရှိပါတယ်။

၂၀၁၆ခုနှစ်မှာ အမေရိကန်လွှတ်တော်က Global Magnitsky Human Rights Accountability Act ကိုပြဋ္ဌာန်းလိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ရှိတဲ့ နိုင်ငံခြားအစိုးရအရာရှိတွေကို ပိတ်ဆို့ဒဏ်ခတ်နိုင်တဲ့ အာဏာအစိုးရကို ပေးလိုက်ပါတယ်။

ဒီဥပဒေကိုသုံးပြီး သမ္မတ ထရမ့်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကြည်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် တပ်မတော်အရာရှိခြောက်ဦးကို ရခိုင်ပြည်နယ် မောင်တောစစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတာဝန်ရှိသူတွေလို့သတ်မှတ်ပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားပါတယ်။

ချက်တမ်ဟောက်စ် ဆွေး‌နွေးပွဲကို ပြန်ဆက်ရမယ်ဆိုရင် ‘’သီးခြားလွတ်လပ်သော သတင်းလွတ်လပ်မှုဆိုင်ရာ အဆင့်မြင့် ဥပဒေပညာရှင်များအဖွဲ့ ‘’ရဲ့ အကြံပြုချက်တွေအထဲမှာ ဒီမက်နစ်စကီးဥပဒေကို လူ့အခွင့်အ‌ရေးချိုးဖောက်သူတွေသာမကပဲ သတင်းထောက်တွေကိုနှိ ပ်ကွပ်သူတွေကိုပါ အရေးယူနိုင်အောင်ပြင်ဆင်ရေးဆွဲပေးဖို့တိုက်တွန်းထားပါတယ်။

အဖွဲ့ကအကြံပေးတဲ့အချက်တွေကို အကျဉ်းခြုံးဖော်ပြရရင်
– လူ့အခွင့်အရေးချိုးဖောက်သူတွေကို targeted sanction ပစ်မှတ်ထားပိတ်ဆို့အရေးယူသလို မီဒီယာလွတ်လပ်မှုကို ထိပါးသူတွေပါ အပြစ်ပေးနိုင်အောင် ဥပဒေကို ပြင်ဆင်ရေးဆွဲရန်
– ဥရောပသမဂ္ဂ အီးယူက လက်ရှိကျင့်သုံးနေတဲ့ ဆန်ရှင်တွေကို ကမ္ဘာအနှံ့ အသုံးပြုနိုင်အောင် ပြင်ဆင်ရေးဆွဲရန်
– သတင်းထောက်တွေကို မတရားဖမ်းဆီးထောင်ချရင် ပိတ်ဆို့အရေးယူခံရနိုင်တယ်ဆိုတာကို ဆန်ရှင်ဥပဒေထဲမှာထည့်ပေးရန် သို့မဟုတ် ပေါ်လစီချရန်
– ပိတ်ဆို့အရေးယူရာမှာ အစိုးရရှေ့နေ၊ တရားသူကြီး နဲ့ အရာရှိတွေပါမကျန် ပိတ်ဆို့အ‌ရေးယူရန်
– အင်တာနက်ဖြတ်တောက်မှု အပါအဝင် မီဒီယာလွတ်လပ်မှုကို စံနစ်တကျ ဆိုးဆိုးရွားရွား ပိတ်ပင်တားဆီးတဲ့အမှုတွေမှာ တာဝန်ရှိသူတွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူရန်
– အစိုးရမဟုတ်တဲ့ ကုမ္ပဏီလိုအဖွဲ့အစည်းတွေကိုလည်း အရေးယူရန်
– မီဒီယာလွတ်လပ်မှုကို တားဆီးပိတ်ပင်တဲ့နေရာမှာ ပူးပေါင်းပါဝင်သူတွေကိုလည်း အရေးယူရန်
– မိမိနိုင်ငံသားတွေပါမကျန် ပိတ်ဆို့အရေးယူရန်တို့ပါဝင်ပါတယ်။
ဥပဒေပညာရှင်အဖွဲ့ကပေးတဲ့အကြံဉာဏ်ကို ဥပဒေတစ်ရပ် ဖြစ်အောင်အစိုးရတွေကသာလုပ်ပေး နိုင်ပါတယ်။ ၂၀၁၉ခုနှစ်မှာ ကမ္ဘာတစ်ဝန်းကသတင်းသမား ၄၉ဦးသေဆုံးပြီး ၂၅၀ အဖမ်းခံ ရပါတယ်။ အမေရိကန်လို ဒီမိုကရေစီနိုင်ငံမှာတောင် သတင်းထောက်တွေ
အဖမ်းခံနေရတဲ့သာဓကတွေကြောင့် သတင်းသမားတွေကို အကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေပါတယ်။

ချက်တမ်ဟောက်စ်ဆွေးနွေးပွဲမှာ ဗြိတိန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လော့ဒ်အာမက် Lord Ahmed က သတင်းလွတ်လပ်မှု ဆိုတာ ဒီမိုကရေစီနဲ့ တစ်သားတည်းရှိပြီး ပိတ်ဆို့ဒဏ်ခတ်တဲ့နည်းဟာ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသူတွေကို တန်ပြန်နိုင်တဲ့ အစွမ်းထက်တဲ့ ဒဏ်ခတ် နည်းဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရင် ပိုထိရောက်နိုင်တယ်လို့ပြောပါတယ်။ ကနေဒါနိုင်ငံကလည်း ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ကမ္ဘာ့မီဒီယာညီလာခံကြီးကို ကနေဒါမှာလုပ်ဖို့ပြင်ဆင်နေပြီး သတင်းထောက်တွေကို အကာအကွယ်ပေးဖို့ကိစ္စကို ဆွေးနွေးမယ်လို့ပြောပါတယ်။ ဆွေးနွေးပွဲတက်လာတဲ့ ဗြိတိန်ဒုနိုင်ငံခြားရေးဝန်ကြီး နဲ့ ကနေဒါ အစိုးရကိုယ်စားလှယ်တို့နှစ်ဦးက ဥပဒေပညာရှင်တွေရဲ့ အကြံပြုချက်တွေကို အလေးအနက် စဉ်းစားမယ်လို့ ကတိကဝတ်ပြုသွားတဲ့အတွက် မီဒီယာသမားတွေကို မတရားဖမ်းဆီးမှု သတ်ဖြတ်မှု ညှင်းပမ်းနှိပ်စက်မှု အပြင် အင်တာနက်ဖြတ်တောက်မှု အစရှိတဲ့ သတင်းလွတ်လပ်ခွင့် ကိုပိတ်ပင်တားဆီးဖို့ ကြိုးစားသူတွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူနိုင်မယ့် ဥပဒေတွေ မဝေးလှတဲ့ အနာဂတ်မှာ ထွက်ပေါ်လာမယ့်အလားအလာကောင်းတွေမြင်တွေ့နေရပါပြီ။

တင်ထားဆွေ
၁၅/၀၂/၂၀၂၀။

 

ဆောင်းပါးပါ အာဘော်တွေဟာ ဗီအိုအမ်ရဲ့အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင် တင်ထားဆွေရဲ့ အာဘော်သာဖြစ်ပါသည်။

 

စတုတၳမဏၰိဳင္ကိုကာကြယ္ၾကစို႔

ဒီရက္ပိုင္းမွာ မီဒီယာနဲ႔ပတ္သက္တဲ့ေဆြးေႏြးပြဲေတြ အေတာ္တက္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္ကThe future of News ဆိုၿပီး ဒစ္ဂ်စ္တယ္ေခတ္မွာ ဂုဏ္သတင္းႀကီးတဲ့ သတင္းဌာနေတြ ဆက္လက္ရွင္သန္ႏိုင္မလား၊ ဆက္လက္ရွင္သန္ႏိုင္ေအာင္ ဘာေတြလုပ္ဖို႔လိုသလဲ စသျဖင့္ ေဆြး‌ေႏြးၾကတဲ့ပြဲကို တက္ျဖစ္သလို ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မွာ ကမာၻထိတ္တန္း ႏိုင္ငံေရး၊လူမႈေရး၊ စီးပြားေရး အႀကံေပးအဖြဲ႕ Chatham House ခ်က္တမ္ေဟာက္စ္ မွာ လုပ္တဲ့ sanction ဆန္ရွင္ကို လက္နက္သဖြယ္အသုံးျပဳၿပီး မီဒီယာသမားေတြကိုအကာအကြယ္ေပးႏိုင္တဲ့အေၾကာင္း “ The use of Targeted Sanctions to Protect Journalists” အစီရင္ခံစာ မိတ္ဆက္ပြဲကိုတက္ျဖစ္ပါတယ္။ “International Bar Association’s Human Rights Institute” နဲ႔ Chatham House တို႔ပူးေပါင္းစီစဥ္တဲ့ ဒီပြဲရဲ႕ ပဲနယ္မွာ အေတြ႕အႀကဳံရင့္က်က္တဲ့ဥပေဒပညာရွင္ေတြ နဲ႔ ထိတ္တန္း လူ႔အခြင့္အေရး‌ေရွ႕ေနေတြ ပါဝင္ေဆြး‌ေႏြးၾကပါတယ္။

ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ သတင္းေထာက္ေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္သတ္ျဖတ္မႈ၊ တရားမ်က္ကြယ္ဖမ္းဆီးေထာင္ခ်မႈ၊ ညႇင္းပမ္းႏွိပ္စက္မႈ၊ မီဒီယာကို နည္းမ်ိဳးစုံနဲ႔ထိန္းခ်ဳပ္မႈေတြ အရင္ကထက္ပိုမ်ားလာေနတာေၾကာင့္ သတင္းေထာက္ေတြကို ကာကြယ္ဖို႔ တစ္ခုခုေတာ့ လုပ္မွျဖစ္ေတာ့မယ္ ဆိုၿပီး ၂၀၁၉ ခုႏွစ္မွာ ယူေက နဲ႔ ကေနဒါ ႏွစ္ႏိုင္ငံပူးေပါင္းၿပီး လန္ဒန္မွာ ကမာၻ႔မီဒီယာညီလာခံႀကီး က်င္းပပါတယ္။ သတင္းေထာက္ေတြကိုအကာအကြယ္ေပးႏိုင္တဲ့နည္းလမ္းေတြရွာေဖြဖို႔ ကနဦးေျခလွမ္းအေနနဲ႔ ထိတ္တန္း ဥပေဒပညာရွင္ေတြပါတဲ့အဖြဲ႕တစ္ခုကိုဖြဲ႕ဖို႔သေဘာတူလိုက္ပါတယ္။

ဒီအဖြဲ႕ကို ‘’သီးျခားလြတ္လပ္ေသာ သတင္းလြတ္လပ္မႈဆိုင္ရာ အဆင့္ျမင့္ ဥပေဒပညာရွင္မ်ားအဖြဲ႕ ‘’ ‘’Independent High Level Panel of Legal Experts on Media Freedom” လို႔ အမည္ေပးလိုက္ပါတယ္။ အခုတစ္ႏွစ္နီးပါအၾကာမွာေတာ့ အဖြဲ႕ရဲ႕ ဒုတိယဥကၠ႒ ျဖစ္တဲ့ လူ႔အခြင့္အေရးဆိုင္ရာေရွ႕ေနႀကီး အာမားကလိုနီ Amal Clooney ( ေဟာလီဝုဒ္ မင္းသား ေဂ်ာ့ခ်္ကလိုနီရဲ႕ဇနီး၊ ႐ိုက္တာသတင္းေထာက္ ဝလုံး နဲ႔ ေက်ာ္စိုးဦးတို႔ရဲ႕ေရွ႕ေန) က သူတို႔အဖြဲ႕ကရွာေဖြေတြ႕ရွိတဲ့ ဥပေဒနဲ႔အညီ အေရးယူႏိုင္တဲ့အခ်က္အလက္ေတြကို ခ်ျပပါတယ္။

သတင္းသမားေတြဟာျပည္သူလူထုရဲ႕အက်ိဳးအတြက္ ဥပေဒကို အလြဲသုံးစားလုပ္ေနတဲ့ သူေတြ တာဝန္ခံဖို႔ အျဖစ္မွန္ သတင္းမွန္ေတြကို ႀကိဳးစားေဖာ္ထုတ္ေပးေနသူေတြသာျဖစ္တယ္၊ သတင္းသမားေတြ သူတို႔အလုပ္ သူတို႔လုပ္ေနတာကို အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္ေအာင္ နည္းမ်ိဳးစုံနဲ႔ ၿခိမ္းေျခာက္အႏၲရာယ္ျပဳေနရင္ ဒီလိုၿခိမ္းေျခာက္အႏၲရာယ္ျပဳေနသူေတြကို ေဖာ္ထုတ္ၿပီး သူတို႔ကိုပိတ္ဆို႔ ဒဏ္ခတ္တဲ့နည္းနဲ႔ အေရးယူဖို႔လိုတယ္လို႔အာမားကလိုနီက ရွင္းျပပါတယ္။

လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြ၊ အၾကမ္းဖက္ဝါဒက်ဴးလြန္သူေတြ၊ အဂတိလိုက္စားသူေတြ ကို ပစ္မွတ္ထားပိတ္ဆို႔အေရးယူမႈ Targeted Sanctions နဲ႔အေရးယူသလိုမ်ိဳးပဲ သတင္းေထာက္ေတြကို မတရားဖမ္းဆီး ေထာင္ခ်ေနသူေတြ ကို လည္း အလားတူ ပိတ္ဆို႔ဒဏ္ခတ္ဖို႔ အႀကံျပဳပါတယ္။

လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြကို ဗီဇာမေပးပဲ ခရီးသြားလာခြင့္ေတြ ပိတ္ပင္ထားၿပီး သူတို႔မွာရွိတဲ့ေငြေတြမသုံးႏိုင္ေအာင္ တားဆီးပိတ္ဆို႔ထားရင္ သူတို႔ကိုေထာင္ထဲသြင္းထားတာထက္ ပိုထိေရာက္ႏိုင္ေၾကာင္း၊ အဲဒါေၾကာင့္ ဒီမိုကေရစီျပည့္ဝတဲ့ႏိုင္ငံေတြမွာ လူ႔အခြင့္အေရးကိုအေျခခံတဲ့ ဆန္ရွင္ ပိတ္ဆို႔ဒဏ္ခတ္တဲ့ ဥပေဒေတြျပ႒ာန္းၿပီး ႏိုင္ငံအခ်င္းခ်င္းအၾကား သတင္းအခ်က္အလက္ေတြ နဲ႔ ပစ္မွတ္ထားသင့္တဲ့သူေတြရဲ႕ စာရင္းကို အတူတကြ ျပဳစုထားမယ္ဆိုရင္ ကမာၻေပၚမွာ ရက္စက္ၾကမ္းၾကဳတ္မႈေတြ အဂတိလိုက္စားမႈေတြ အေတာ္ေလ်ာ့နည္းသြားမယ္လို႔ ဆိုပါတယ္။

Magnitsky Act မက္နစ္စကီး ဥပေဒလို႔ ေခၚတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြကို ပိတ္ဆို႔အေရးယူႏိုင္တဲ့ ဥပေဒကို အေမရိကန္ျပည္ေထာင္စု၊ ကေနဒါ နဲ႔ ယူေက သုံးႏိုင္ငံကပဲ အတည္ျပဳျပ႒ာန္းထားပါတယ္။ တျခားႏိုင္ငံေတြကပါ ဒီဥပေဒကိုျပ႒ာန္းဖို႔ ဥပေဒပညာရွင္မ်ားအဖြဲ႕ကတိုက္တြန္းေနပါတယ္။

(ဒီေနရာမွာ Magnitsky Act ျဖစ္လာပုံကို နည္းနည္းရွင္းျပခ်င္ပါတယ္။
႐ုရွားမွာရွိတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအႀကံေပးကုမၸဏီတစ္ခုဟာ အျမတ္ခြန္ေရွာင္မႈနဲ႔အေရးယူခံရပါတယ္။ ကုမၸဏီကဒီအမႈကိုလိုက္ေပးဖို႔ ေရွ႕ေနငွါးေတာ့ ေရွ႕ေန႐ုံးကသူတို႔႐ုံးက စာရင္းစစ္ ဆာေဂးမက္နစ္စကီးကို စုံစမ္းေပးဖို႔တာဝန္ေပးလိုက္ပါတယ္။ ဆာေဂးမက္နစ္စကီးက အမႈဇစ္ျမစ္ကိုလိုက္တဲ့အခါမွာ အမႈက ႐ုရွားရဲေတြက ဆင္ထားတဲ့အမႈျဖစ္ေနပါတယ္။ ရဲေတြက အခြန္လိမ္လည္မႈ ေငြမဲခဝါခ်မႈ အက်င့္ပ်က္ခ်စားမႈ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ေနတဲ့အျပင္႐ုရွား မာဖီယားရာဇဝတ္ဂိုဏ္းသားေတြနဲ႔ အခ်ိတ္အဆက္ေတြရွိေနတာကို စုံစမ္းေတြ႕ရွိပါတယ္။ ႐ုရွားရဲအဖြဲ႕၊ အခြန္႐ုံး၊ ဘဏ္အရာရွိေတြ၊ တရားေရးကလူေတြ အပါအဝင္ ႐ုရွား မာဖီယားပါမက်န္ အခြန္လိမ္လည္မႈႀကီးမွာ ပါဝင္ပတ္သက္ေနတယ္လို႔ မက္နစ္စကီးကအစစ္ခံပါတယ္။ ဒါေပမယ့္ အာဏာပိုင္ေတြက မက္နစ္စကီးအစစ္ခံသလို ရဲနဲ႔ လိမ္လည္မႈမွာပါေနတဲ့သူေတြကို အေရးမယူပဲ မက္နစ္စကီးကို ရာဇဝတ္မႈနဲ႔ ဖမ္းဆီးလိုက္ပါတယ္။ ႐ုရွား ဥပေဒအရ သံသယတရားခံကို ရဲက စြဲခ်က္မတင္ပဲ တစ္ႏွစ္ ခ်ဳပ္ထားခြင့္ရွိပါတယ္။ တစ္ႏွစ္ျပည့္ရင္ ျပန္လႊတ္ေပးၿပီး စြဲခ်က္တင္ရမွာ ျဖစ္ေပမယ့္ဆာေဂးမက္နစ္စကီး ဟာ အခ်ဳပ္ထဲမွာ တစ္ႏွစ္ျပည့္ဖို႔ ၇ရက္အလိုမွာ ၂၀၀၉ခုႏွစ္မွာ ေသဆုံးသြားပါတယ္။ မေသခင္ သူရဲ႕ခႏၶာကိုယ္ေပၚမွာ ညႇင္းပမ္းႏွိပ္စက္ထားတဲ့ လကၡဏာေတြ ေတြ႕ရတယ္လို႔ ဆိုပါတယ္။ အခ်ဳပ္ထဲမွာ ေသဆုံးတဲ့သတင္းနဲ႔အတူ ႐ုရွားရဲအဖြဲ႕ရဲ႕ အရႈတ္ေတာ္ပုံသတင္းက ဟိုးေလးတေက်ာ္ျဖစ္သြားပါတယ္။

မက္နစ္စကီးေသဆုံးမႈက မ႐ိုးသားဘူးလို႔ အမ်ားကယူဆၿပီး အမႈနဲ႔ပတ္သက္ေနတယ္လို႔ယူဆရတဲ့ ႐ုရွားအရာရွိ ၆၀ ကို ဥေရာပသမဂၢ ထဲဝင္ခြင့္မေပးပဲ ပိတ္ပင္တားျမစ္ဖို႔ ဥေရာပပါလီမန္က ေတာင္းဆိုလိုက္ ပါတယ္။ ကေနဒါကလည္း ႐ုရွား အရာရွိေတြ ကို ဗီဇာပိတ္႐ုံတင္မကပဲ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကိုလည္း ပိတ္ဆို႔လိုက္ပါတယ္။

အေမရိကန္ကလည္း အဆိုပါ႐ုရွားအရာရွိေတြကို ဗီဇာပိတ္လိုက္ၿပီး သူတို႔က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို က်ဴးလြန္သူေတြရဲ႕ အမည္နဲ႔တကြ လူသိရွင္ၾကားေဖာ္ထုတ္ဖို႔ Justice for Segei Magnitsky Act ကို ျပ႒ာန္းလိုက္ပါတယ္။ ဒါေပမဲ့ ဒီဥပေဒကမက္နစ္စကီးေသဆုံးမႈမွာ တာဝန္ရွိသူ ႐ုရွားေတြကိုသာအျပစ္ေပးဖို႔ ရည္႐ြယ္ျပ႒ာန္းထားတာပါ။

၂၀၁၄ ခုႏွစ္ သမၼတ အိုဘာမားလက္ထက္မွာ လႊတ္ေတာ္ႏွစ္ရပ္စလုံးရဲ႕ ေထာက္ခံမႈနဲ႔ Magnitsky Act ဆိုၿပီး ျပင္ဆင္ျပ႒ာန္းလိုက္ပါတယ္။ ျပင္ဆင္ျပ႒ာန္းလိုက္တဲ့ ဥပေဒအရ အေမရိကန္အစိုးရမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို ဗီဇာ နဲ႔ ပိုင္ဆိုင္မႈေတြ ပိတ္ဆို႔အေရးယူႏိုင္တဲ့အာဏာရွိပါတယ္။

၂၀၁၆ခုႏွစ္မွာ အေမရိကန္လႊတ္ေတာ္က Global Magnitsky Human Rights Accountability Act ကိုျပ႒ာန္းလိုက္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေပၚ တာဝန္ရွိတဲ့ ႏိုင္ငံျခားအစိုးရအရာရွိေတြကို ပိတ္ဆို႔ဒဏ္ခတ္ႏိုင္တဲ့ အာဏာအစိုးရကို ေပးလိုက္ပါတယ္။

ဒီဥပေဒကိုသုံးၿပီး သမၼတ ထရမ့္က တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ၾကည္း ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း အပါအဝင္ တပ္မေတာ္အရာရွိေျခာက္ဦးကို ရခိုင္ျပည္နယ္ ေမာင္ေတာစစ္ဆင္ေရးေတြမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီးတာဝန္ရွိသူေတြလို႔သတ္မွတ္ၿပီး ပစ္မွတ္ထား ပိတ္ဆို႔အေရးယူထားပါတယ္။

ခ်က္တမ္ေဟာက္စ္ ေဆြး‌ေႏြးပြဲကို ျပန္ဆက္ရမယ္ဆိုရင္ ‘’သီးျခားလြတ္လပ္ေသာ သတင္းလြတ္လပ္မႈဆိုင္ရာ အဆင့္ျမင့္ ဥပေဒပညာရွင္မ်ားအဖြဲ႕ ‘’ရဲ႕ အႀကံျပဳခ်က္ေတြအထဲမွာ ဒီမက္နစ္စကီးဥပေဒကို လူ႔အခြင့္အ‌ေရးခ်ိဳးေဖာက္သူေတြသာမကပဲ သတင္းေထာက္ေတြကိုႏွိ ပ္ကြပ္သူေတြကိုပါ အေရးယူႏိုင္ေအာင္ျပင္ဆင္ေရးဆြဲေပးဖို႔တိုက္တြန္းထားပါတယ္။

အဖြဲ႕ကအႀကံေပးတဲ့အခ်က္ေတြကို အက်ဥ္းၿခဳံးေဖာ္ျပရရင္
– လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြကို targeted sanction ပစ္မွတ္ထားပိတ္ဆို႔အေရးယူသလို မီဒီယာလြတ္လပ္မႈကို ထိပါးသူေတြပါ အျပစ္ေပးႏိုင္ေအာင္ ဥပေဒကို ျပင္ဆင္ေရးဆြဲရန္
– ဥေရာပသမဂၢ အီးယူက လက္ရွိက်င့္သုံးေနတဲ့ ဆန္ရွင္ေတြကို ကမာၻအႏွံ႔ အသုံးျပဳႏိုင္ေအာင္ ျပင္ဆင္ေရးဆြဲရန္
– သတင္းေထာက္ေတြကို မတရားဖမ္းဆီးေထာင္ခ်ရင္ ပိတ္ဆို႔အေရးယူခံရႏိုင္တယ္ဆိုတာကို ဆန္ရွင္ဥပေဒထဲမွာထည့္ေပးရန္ သို႔မဟုတ္ ေပၚလစီခ်ရန္
– ပိတ္ဆို႔အေရးယူရာမွာ အစိုးရေရွ႕ေန၊ တရားသူႀကီး နဲ႔ အရာရွိေတြပါမက်န္ ပိတ္ဆို႔အ‌ေရးယူရန္
– အင္တာနက္ျဖတ္ေတာက္မႈ အပါအဝင္ မီဒီယာလြတ္လပ္မႈကို စံနစ္တက် ဆိုးဆိုး႐ြား႐ြား ပိတ္ပင္တားဆီးတဲ့အမႈေတြမွာ တာဝန္ရွိသူေတြကို ပိတ္ဆို႔ဒဏ္ခတ္အေရးယူရန္
– အစိုးရမဟုတ္တဲ့ ကုမၸဏီလိုအဖြဲ႕အစည္းေတြကိုလည္း အေရးယူရန္
– မီဒီယာလြတ္လပ္မႈကို တားဆီးပိတ္ပင္တဲ့ေနရာမွာ ပူးေပါင္းပါဝင္သူေတြကိုလည္း အေရးယူရန္
– မိမိႏိုင္ငံသားေတြပါမက်န္ ပိတ္ဆို႔အေရးယူရန္တို႔ပါဝင္ပါတယ္။
ဥပေဒပညာရွင္အဖြဲ႕ကေပးတဲ့အႀကံဉာဏ္ကို ဥပေဒတစ္ရပ္ ျဖစ္ေအာင္အစိုးရေတြကသာလုပ္ေပး ႏိုင္ပါတယ္။ ၂၀၁၉ခုႏွစ္မွာ ကမာၻတစ္ဝန္းကသတင္းသမား ၄၉ဦးေသဆုံးၿပီး ၂၅၀ အဖမ္းခံ ရပါတယ္။ အေမရိကန္လို ဒီမိုကေရစီႏိုင္ငံမွာေတာင္ သတင္းေထာက္ေတြ
အဖမ္းခံေနရတဲ့သာဓကေတြေၾကာင့္ သတင္းသမားေတြကို အကာအကြယ္ေပးဖို႔ အေရးတႀကီးလိုအပ္ေနပါတယ္။

ခ်က္တမ္ေဟာက္စ္ေဆြးေႏြးပြဲမွာ ၿဗိတိန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ေလာ့ဒ္အာမက္ Lord Ahmed က သတင္းလြတ္လပ္မႈ ဆိုတာ ဒီမိုကေရစီနဲ႔ တစ္သားတည္းရွိၿပီး ပိတ္ဆို႔ဒဏ္ခတ္တဲ့နည္းဟာ အျပစ္ေပးခံရျခင္းမွ ကင္းလြတ္ခြင့္ရေနသူေတြကို တန္ျပန္ႏိုင္တဲ့ အစြမ္းထက္တဲ့ ဒဏ္ခတ္ နည္းျဖစ္လို႔ အားလုံးပူးေပါင္းေဆာင္႐ြက္ႏိုင္ရင္ ပိုထိေရာက္ႏိုင္တယ္လို႔ေျပာပါတယ္။ ကေနဒါႏိုင္ငံကလည္း ဒီႏွစ္ထဲမွာ ဒုတိယအႀကိမ္ ကမာၻ႔မီဒီယာညီလာခံႀကီးကို ကေနဒါမွာလုပ္ဖို႔ျပင္ဆင္ေနၿပီး သတင္းေထာက္ေတြကို အကာအကြယ္ေပးဖို႔ကိစၥကို ေဆြးေႏြးမယ္လို႔ေျပာပါတယ္။ ေဆြးေႏြးပြဲတက္လာတဲ့ ၿဗိတိန္ဒုႏိုင္ငံျခားေရးဝန္ႀကီး နဲ႔ ကေနဒါ အစိုးရကိုယ္စားလွယ္တို႔ႏွစ္ဦးက ဥပေဒပညာရွင္ေတြရဲ႕ အႀကံျပဳခ်က္ေတြကို အေလးအနက္ စဥ္းစားမယ္လို႔ ကတိကဝတ္ျပဳသြားတဲ့အတြက္ မီဒီယာသမားေတြကို မတရားဖမ္းဆီးမႈ သတ္ျဖတ္မႈ ညႇင္းပမ္းႏွိပ္စက္မႈ အျပင္ အင္တာနက္ျဖတ္ေတာက္မႈ အစရွိတဲ့ သတင္းလြတ္လပ္ခြင့္ ကိုပိတ္ပင္တားဆီးဖို႔ ႀကိဳးစားသူေတြကို ပစ္မွတ္ထားပိတ္ဆို႔အေရးယူႏိုင္မယ့္ ဥပေဒေတြ မေဝးလွတဲ့ အနာဂတ္မွာ ထြက္ေပၚလာမယ့္အလားအလာေကာင္းေတြျမင္ေတြ႕ေနရပါၿပီ။

တင္ထားေဆြ
၁၆/၀၂/၂၀၂၀။

ေဆာင္းပါးပါ အာေဘာ္ေတြဟာ ဗီအုိအမ္ရဲ႕အာေဘာ္မဟုတ္ဘဲ ေဆာင္းပါးရွင္ တင္ထားေဆြရဲ႕ အာေဘာ္သာျဖစ္ပါသည္။

Related posts

Leave a Comment